Galaxy S23 Ultra က ၂၀၂၃ ရဲ့ Gaming Beast လား?

လတ်တလောကမှ အသစ်မိတ်ဆက်ခဲ့တဲ့ Samsung Galaxy S23 Ultra ဟာ flagship ဖုန်းတွေကြားမှာ အမြင့်ဆုံး လုပ်ဆောင်ချက်တွေကို ချပြသွားခဲ့ပြီး flagship smartphone gaming ကို next level တစ်ခုကို ဆွဲခေါ်ပြသွားခဲ့ပြီဖြစ်ပါတယ်။

ဒီဖုန်းကို unpacked မလုပ်ခင်ကတည်းက စမတ်ဖုန်းချစ်သူတွေ၊ tech စိတ်ဝင်စားသူတွေ အတော်များများ အပြောများနေခဲ့ကြတာကတော့ ယခင်နှစ်စီးရီးထက် ဒီနှစ်မှာ chipset နဲ့ ကင်မရာပိုင်းကို Samsung က အဓိကထား မြှင့်တင်သွားမယ် ဆိုတာပါပဲ။ Samsung က တကယ်ချပြသွားတဲ့အခါမှာလည်း လူအများက မှန်းဆထားသလို chipset နဲ့ ကင်မရာကို အကြမ်းစားတွေချည်း ချပြသွားခဲ့ပါတယ်။

Galaxy S23 Ultra မှာဆိုရင် Samsung Galaxy ဖုန်းတွေအတွက်သာ သီးသန့်ထုတ်လုပ်ထားတဲ့ Snapdragon 8 Gen 2 ကို အသုံးပြုထားတယ်။ ချောမွေ့တဲ့ epic gaming experience ကို ပေးစွမ်းနိုင်ဖို့အတွက်လည်း အဘက်ဘက်က လိုအပ်တဲ့လုပ်ဆောင်ချက်တွေအားလုံးကို အဆင့်မြှင့်တင်ထားတယ်လို့ သိရပါတယ်။

ဒီတော့ Galaxy S23 Ultra က ၂၀၂၃ ခုနှစ် flagship ဖုန်းတွေအကြားမှာ Gaming Beast တစ်ခုလားဆိုတာကို ကြည့်လိုက်ရအောင်..

Chipset

Galaxy S23 Ultra မှာ အသုံးပြုထားတဲ့ Qualcomm ရဲ့ Snapdragon 8 Gen 2 ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့ကမှ အသစ်မိတ်ဆက်ထားတဲ့ flagship class chipset တစ်ခုဖြစ်ပြီး ဒီ chipset ကြောင့် Galaxy S23 Ultra ဟာ ယခင်နှစ်စီးရီးထက် CPU ပိုင်းမှာ ၃၃% ထိ ပိုမြန်အောင် စွမ်းဆောင်နိုင်တယ်လို့ သိရပါတယ်။

Primary core (၁) ခု ၊ Middle core (၄) ခု နဲ့ Little core (၃) ခု ဆိုပြီး စုစုပေါင်း ဒီ chipset ရဲ့ system မှာ core ၈ ခု ပါဝင်ပါတယ်။ Primary core နဲ့ Middle core က RAM များများသုံးရတဲ့ ဂိမ်းအမြင့်စားတွေဆော့တဲ့အခါ graphic quality ကို ပိုကောင်းစေပြီး ဂိမ်းဆော့ရတာကို ပိုမြန်ဆန်အောင်လည်း support လုပ်ပါတယ်။

ဒီ chip system မှာ အ​ရေးကြီးဆုံးအပိုင်းက​တော့ Adreno 780 GPU ပဲဖြစ်ပါတယ်။ သူက လုပ်​ဆောင်နိုင်စွမ်းနဲ့ ရုပ်ထွက်အားပိုမို​ကောင်းမွန်စေဖို့ကို အဓိက​​ထောက်ပံ့​ပေးပါတယ်။ ဒါ့အပြင် ဂိမ်းဆော့တဲ့အခါ Ultra HD resolution အထိ အသုံးပြုနိုင်ပြီး ၂၅% ပိုမိုမြန်ဆန်​​စေပါတယ်။

Galaxy S23 Series ဖုန်းတွေမှာပါဝင်တဲ့ Ray Tracing Module က​တော့ ဂိမ်းရုပ်ထွက်ကို အသေးစိတ်တစ်ခုချင်းစီကအစ ကြည်လင်ပြတ်သားစေတဲ့အတွက် detail ပိုင်းမှာ အများကြီးပိုအားသာလာပြီး display ပိုင်းမှာလည်း ဂိမ်းဆော့ရတာကြိုက်နှစ်သက်တဲ့သူတွေအတွက် ပိုမိုကြည်လင်ပြတ်သားတဲ့ရုပ်ထွက်ကို ခံစားနိုင်​အောင် resolution မြှင့်တင်ထားပါ​သေးတယ်။

Display

Galaxy S23 Ultra ရဲ့ screen resolution က 3088 x 144 ဖြစ်ပြီး AMOLED 2X display ကို အသုံးပြုထားတာကြောင့် ပိုမိုကြည်လင်ပြတ်သားပြီး သဘာဝဆန်တဲ့အရောင်အသွေးရှိတဲ့ ရုပ်ထွက်တွေကို မြင်တွေ့ရပါတယ်။ ရုပ်ထွက်က သဘာဝဆန်လေ၊ gamer တွေကို ပိုပြီး ဆွဲဆောင်နိုင်လေပါပဲ။ Screen ဆိုဒ်က ၆.၈ လက်မ ရှိတဲ့အတွက် ဂိမ်းဆော့တဲ့အခါမှာ ကြီးမားကျယ်ပြန့်တဲ့မြင်ကွင်းနဲ့ object တွေကို ပြတ်ပြတ်သားသားမြင်ရစေပါတယ်။ RAM လည်း များများပါတဲ့အတွက် graphic ကို ကောင်းကောင်း support ပေးနိုင်တာကြောင့် gamer တွေ သဘောကျမဲ့ ဖုန်းတစ်လုံးဆိုတာ အသေချာပါပဲ။

ဂိမ်းဆော့တာပဲဖြစ်ဖြစ်၊ ရိုးရိုးတန်းတန်း ဖုန်းအသုံးပြုတာပဲဖြစ်ဖြစ် ကြည့်လိုက်တာနဲ့ ပရီမီယံအဆင့်ရှိတဲ့ Display တစ်ခုကို ခံစားမိစေမှာပါ။

Galaxy S23 Ultra မှာ peak brightness 1750 nit ရှိပြီး adaptive refresh rate 1Hz ကနေ 120 Hz ထိရှိပါတယ်။ ဒီ peak brightness က အလင်းအားပြင်းတဲ့ နေရောင်တွေထဲမှာ ဖုန်းအသုံးပြုတဲ့အခါမှာ brightness ချိန်စရာမလိုပဲ ကောင်းကောင်းမြင်ရစေပြီး လက်ရှိ flagship ဖုန်းတွေထဲမှာ အမြင့်ဆုံးလို့တောင် ဆိုလို့ရပါတယ်။

ဒါ့အပြင် Galaxy S23 Ultra ရဲ့ display ဟာ energy efficient တဲ့အတွက် battery စားသက်သာစေပြီး ယခင်နှစ်စီးရီးရဲ့ energy efficiency rate ထက် ဒီနှစ်မှာ ၁၃% ပိုမို တိုးတက်လာတယ်လို့ သိရပါတယ်။

Battery

Gaming အတွက် processor နဲ့ display အကြမ်းစားတွေထည့်သွင်းထားတဲ့ Galaxy S23 Ultra မှာ battery ကရော ဘယ်လောက်ထိ support လုပ်ပေးနိုင်မလဲ?

Galaxy S23 Ultra ကို တစ်ခါအားအပြည့်သွင်းရုံနဲ့ တစ်ရက်မက အသုံးပြုနိုင်အောင် ကြီးမားတဲ့ 5,000 mAh battery ကို ထည့်သွင်းဖန်တီးထားတဲ့အတွက် ဂိမ်းဆော့တဲ့အခါမှာ သာမန် ဖုန်းတွေထက်ပိုပြီး ဂိမ်းရဲ့ ပါဝါဆွဲအားကို အများကြီးလိုက်နိုင်ပါတယ်။

ပါဝါသုံးစွဲမှု efficiency နဲ့ display optimization တွေကြောင့် battery ကို ပိုမိုကြာမြင့်အောင် သုံးစွဲနိုင်စေပြီး ယခင်စီးရီးနဲ့ယှဉ်ရင် ၂၂% ပိုကြာကြာ အသုံးပြုနိုင်ပါတယ်။

ဒါ့အပြင် RAM များများ အသုံးပြုရတဲ့ graphics အကောင်းစားဂိမ်းတွေကို အချိန်ကြာကြာဆော့တဲ့အခါမှာ ဖုန်းပူလာတတ်တာဟာ ဖုန်းတိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အရာတစ်ခုပါ။ အခုလို ဖုန်းပူတာကို လျှော့ချပေးနိုင်ဖို့ Galaxy S23 Ultra မှာ cooling system ကို ယခင်နှစ်ကထက် ၂ ဆတိုးဖန်တီးထားတယ်လို့လည်း သိရပါတယ်။ သူ့ cooling system မှာ ပိုကြီးတဲ့ အပူထုတ်ခန်းကို အသုံးပြုထားတဲ့အတွက် အပူစွန့်ထုတ်ရာမှာ ပိုမိုမြန်ဆန်စေပြီး ဖုန်းပူလာရင်တောင် cool down rate က မြန်ပါတယ်။

Samsung ရဲ့ official ခန့်မှန်းချက်တွေအရဆိုရင် audio playback ကို ၉၉ နာရီထိ အသုံးပြုလို့ရပြီး video playback ဆိုရင်တော့ ၂၆ နာရီထိ အသုံးပြုလို့ရပါတယ်။ Charger ကတော့ Type C ဖြစ်ပြီး အားအပြည့်သွင်းဖို့ ပျမ်းမျှ တစ်နာရီကျော်သာ ကြာမြင့်မှာဖြစ်ပါတယ်။

အခုပြောပြသွားတဲ့အချက်တွေကိုကြည့်ရုံနဲ့ Galaxy S23 Ultra ဟာ gaming ပိုင်းကို ဘယ်လောက်ထိ focus ထားပြီး ပြီးပြည့်စုံအောင် ထုတ်လုပ်ထားသလဲဆိုတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ 

 

Samsung ကနေ ထုတ်ပြန်ထားတဲ့ Southeast Asia and Oceania (SEAO) Gaming Insight Study ရဲ့ တွေ့ရှိချက်တွေအရ လက်ရှိ အွန်လိုင်းအသုံးပြုသူတွေ ၁၀ ယောက်မှာ ၇ ယောက်က Gamer တွေဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ရဲ့ နောက်ဆုံးသုံးလထဲမှာ  Samsung နဲ့ ONE Esports တို့ပူးပေါင်းပြီး ဩစတေးလျနိုင်ငံနဲ့ အရှေ့တောင်အာရှနိုင်ငံ ၆ ခု တို့မှာရှိတဲ့ အသက် ၁၈ နှစ်ကနေ ၄၉ နှစ်ကြား လူဦးရေ ၆,၈၀၀ ကျော်ကို စစ်တမ်းကောက်ထားတဲ့အဖြေအရ ဂိမ်းကို အိမ်မှာနေရင်းဖြစ်ဖြစ်၊ လမ်းသွားလမ်းလာနေရင်းနဲ့တောင် ဆော့ကြတဲ့ထိ ကြိုက်နှစ်သက်ကြကြောင်း တွေ့ခဲ့ရပါတယ်။ စစ်တမ်းကောက်ယူထားတဲ့ လူဦးရေရဲ့ ၁၉% ဟာ ဂိမ်းကို လုံးဝ Serious ထားပြီး အမာခံ ဆော့တတ်တဲ့ Hardcore Gamer တွေဖြစ်ပြီး ၃၇% ကတော့  ဂိမ်းဆော့ရတာ နဲ့  E sport ကို ဝါသနာပါလို့ဆော့တဲ့ Gaming Enthusiasts တွေဖြစ်ပါတယ်။ ဒါတင်မဟုတ်ပဲ ဂိမ်းကို စိတ်အပန်းဖြေဖို့လောက်ပဲ ပေါ့ပေါ့ပါးပါး ဆော့တတ်တဲ့ Casual Gamers တွေနဲ့  E sport ပွဲတွေ၊ Game Live Stream တွေကိုပဲ ကြည့်ရတာ ကြိုက်နှစ်သက်တဲ့သူတွေလည်း ရှိပါသေးတယ်။

ဒါ့အပြင် စစ်တမ်းကောက်ယူထားတဲ့ စုစုပေါင်းလူဦးရေရဲ့ တစ်ဝက်စွန်းစွန်း (၅၈%) က ဂိမ်းနဲ့ပတ်သတ်တဲ့ပစ္စည်းတွေ ဝယ်စုရတာ၊  Stream တွေကို Subscribe လုပ်တာ၊ E sport ပြိုင်ပွဲသွားဖို့ လက်မှတ်ဝယ်ရတာ၊ ဂိမ်းထဲမှာပါတဲ့ Skin တွေနဲ့ In-game Currency တွေဝယ်ရတာကို ကြိုက်နှစ်သက်ကြပါတယ်။ အဲလိုဝယ်ဖို့အတွက်လည်း တစ်လကို အနည်းဆုံး USD $30 လောက် အသုံးပြုလေ့ရှိကြတယ်လို့ သိရပါတယ်။

Gamer တွေက စမတ်ဖုန်းတစ်လုံးကို ဝယ်ယူရာမှာ gaming အတွက် အထူးသီးသန့်ဖန်တီးထားတဲ့ စမတ်ဖုန်းတွေကို ဦးစားပေး ဝယ်ယူလေ့ရှိကြပါတယ်။ ဂိမ်းကို အသက်အရွယ်စုံ သည်းကြီးမည်းကြီး ဆော့တတ်ကြတဲ့ Gaming era တစ်ခုမှာ Gamer တွေ ဘာတွေကို ကြိုက်နှစ်သက်ကြသလဲ၊ Mobile Gaming လောကမှာ ဘယ်လို Features တွေ မြှင့်တင်ဖို့လိုအပ်နေသလဲ ဆိုတာတွေကို သေချာစစ်တမ်းကောက်ယူပြီး Galaxy S23 Ultra ကို ပြီးပြည့်စုံတဲ့ gaming စမတ်ဖုန်းတစ်လုံးအဖြစ် ဖန်တီးထုတ်လုပ်ထားတာကြောင့် ၂၀၂၃ ခုနှစ်ရဲ့ Gaming Beast လို့ တင်စားခံရတာဟာ တကယ်တော့ မဆန်းလှပါဘူး။

 

Akhayar-Tech

Ref:

https://www.samsung.com/global/galaxy/galaxy-s23-ultra/compare/

https://www.samsung.com/global/galaxy/galaxy-s23-ultra/compare/

Previous
Previous

Bazel တွေပိုပါးလာမယ့် iPhone 15 Pro Max

Next
Next

Samsung ရဲ့ Space Zoom အကြောင်း