လူထုအကျိုးပြုလုပ်ငန်းတွေမှာ တက်ကြွစွာ ပါဝင်လျက်ရှိတဲ့ Samsung ရဲ့ CSR Programs များအကြောင်း

နည်းပညာလောကမှာလူသိများပြီး စမတ်ဖုန်းစျေးကွက်ကို ဆယ်စုနှစ်တစ်ခုကျော် လွှမ်းမိုးထားနိုင်တဲ့ Samsung Electronics အနေနဲ့ သူမတူတဲ့ နောက်ဆုံးပေါ် နည်းပညာတွေကို အမြဲတမ်းဆန်းသစ် တီထွင်နေတဲ့အပြင် တစ်ဖက်မှာလည်း ကမ္ဘာတဝန်းက ဈေးကွက်တွေမှာ လူထုအကျိုးပြုလုပ်ငန်းတွေတွေကို ထိထိရောက်‌ရောက် ကြိုးပမ်းဆောင်ရွက်နေတာ တွေ့ရပါတယ်။ နိုင်ငံတကာက Samsung company အသီးသီးက လူမှုအကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်နေကြသလို မြန်မာနိုင်ငံကို ဝင်ရောက်လာတဲ့အချိန်ကစပြီး Samsung Myanmar မှလည်း မြန်မာနိုင်ငံက လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ သက်မွေးပညာ၊ သင်ထောက်ကူပစ္စည်းများပံ့ပိုးပေးခြင်း စတဲ့ လူထုအကျိုးပြုလုပ်ငန်းများကို စဥ်ဆက်မပြတ် လုပ်ဆောင်ခဲ့တဲ့အကြောင်းတွေကို လေ့လာတွေ့ရှိခဲ့သမျှ မျှဝေပေးလိုက်ပါတယ်။

1.      Myanmar Mobile Education Project

၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း မြန်မာရွေ့လျားပညာ သင်ကြား ရေး myME နှင့် Samsung Myanmar နဲ့ လက်တွဲပြီး ရန်ကုန်နှင့် မန္တလေးက အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားရန်ခက်ခဲသော ကလေးပေါင်း ၃၀၀၀ ကျော်ကို  Myanmar Mobile Education project မှတဆင့် ကလေးအလုပ်သမားများကို စာသင်ခန်းထဲအရောက်ခေါ်နိုင်ခဲ့ပြီး Certificate များပေးအပ်နိုင်ခဲ့ပါတယ်။

လေးနှစ်မြောက်အဖြစ် စာ‌ပေ၊ ဗဟုသုတများ ၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ပညာရပ်များနှင့် သတင်းအချက်အလက်နှင့်နည်းပညာဆိုင်ရာ (ICT) ပညာရပ်များကိုနွမ်းပါးချို့တဲ့သည့်လူငယ်များကို သင်ကြားပေးခဲ့ပါတယ်။

ထို့အပြင် ဒီကာလအတွင်း အသက်မွေးမှုပညာများကိုလည်း တောင်ဦး , ပုသိမ် နဲ့ တခြားမြို့ကြီးများမှာ သင်ကြားပေးနိုင်ပြီး အဲ့ထဲမှာ‌တော့ Mobile app ရေးတာနဲ့ Mobile ဖုန်းပြုပြင်ရေးတို့ကို သင်ကြားပို့ချပေးနိုင်ခဲ့ပါတယ်။

2.      Samsung Tech Institute

ပြည်ပမှာ Samsung အနေနဲ့နည်းပညာပိုင်းမှာလူငယ်တွေကိုမြေတောင်မြှောက်ပေးလျှက်ရှိတဲ့ Program ကတော့ Samsung Tech institute ဖြစ်ပြီး နှစ်စဉ်ထူးချွန်တဲ့ကျောင်းသား လူငယ်မှတစ်ဆင့်လုပ်ငန်းခွင်ကျွမ်းကျင် အဆင့်ထိဖြစ်အောင် ကူညီပေးလျှက်ရှိပါတယ်။

ဒီ Samsung Tech Institute ကို မြန်မာနိုင်ငံမှာ လည်း ၂၀၁၆ ခုနှစ်မှ စတင်ပြီး နှစ်စဉ်ဖွင့်လှစ်သင်ကြားပေးခဲ့ရာ ၇ ကြိမ်မြောက်တိုင်ခဲ့ပြီဖြစ်ပါတယ်။ နေပြည်တော်အစိုးရနည်းပညာအထက်တန်းကျောင်းမှာ ၂၀၁၉ ခုနှစ်က သင်ကြားပို့ချပေးခဲ့ရာကျောင်းသားကျောင်းသူ ဦးရေ အ‌ယောက် ၅၀ တက်ရောက်သင်ယူခဲ့ပါတယ်။

မိုလ်ဘိုင်းဖုန်းလက်တွေ့အသုံးချပြုပြင်နည်းသင်တန်းမှ သင်တန်းသားများအတွက် Software နှင့် Hardware အရည်အချင်းစစ်စာမေးပွဲတို့ကို ပြုလုပ်ပေးခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားမှာ သင်တန်းပြီးဆုံးကြောင်းလက်မှတ်အပြင် အမှတ်အများဆုံးရရှိသည့် ကျောင်းသားကျောင်းသူများကို ဆုငွေများပေးအပ်ခဲ့ပါတယ်။ ထို့အပြင် ထူးချွန်သော သင်တန်းသားများကို သက်ဆိုင်ရာ Samsung Service Center များတွင် အလုပ်ခန့်ထားပြီး ဝင်ငွေများရရှိအောင်လည်း ပံ့ပိုးပေးခဲ့ပါသည်။

3.      Silent Yangon Program

၂၀၁၈ ခုနှစ် မှာ Mary Chapman ဆွံ့အ နားမကြားကျောင်းမှ တစ်ဆင့် Silent Yangon program နာမည်နဲ့ ကလေးတွေကို Samsung အနေနဲ့ smart phone များထောက်ပံ့ကာ မိုလ်ဘိုင်းဖုန်းဓာတ်ပုံပညာကို သင်ယူစေခဲ့ပြီး နည်းပညာဆိုင်ရာပံ့ပိုးမှုတွေလည်းပေးခဲ့ပါတယ်။

၂၀၁၉ ခုနှစ်မှာ Mary Chapman ကျောင်းရှိ ကလေးများကိုယ်တိုင်ရေးသားထားသော ဓာတ်ပုံပါ Silent Yangon စာအုပ် ကို ရောင်းချနိုင်ခဲ့ပြီး ရရှိသည့်အကျိုးအမြတ်ကိုလည်း Mary Chapman ဆွံ့အနားမကြားကျောင်းအပြင် ဒလမြို့နယ်ရှိ ပါရမီ မိဘမဲ့ကျောင်းနှင့် ရွှေပြည်သာမြို့နယ်ရှိ နဝရက် ဘုန်းတော်ကြီးပညာသင်ကျောင်းများသို့ကူညီထောက်ပံ့ လှူဒါန်းနိုင်ခဲ့ပါတယ်။

4.      Love and care

ဒီလူမှုအကျိုးပြုကမ်ပိန်းဟာဆိုရင်တော့Samsung အနေနဲ့ သူ့ရဲ့ အရှေ့တောင်အာရှနဲ့ အာရှပစိဖိတ်ဒေသတွေမှာ ရှိတဲ့ ဈေးကွက်တွေက မပြည့်စုံတဲ့၊ ချို့တဲ့တဲ့ ကလေးငယ်တွေနဲ့ လူငယ်တွေကိုကူညီပေးဖို့ စတင်ခဲ့တဲ့ အစီအစဉ် တစ်ခုဖြစ်ပါတယ်။

မြန်မာနိုင်ငံပြည်တွင်းမှာတော့ ၂၀၁၅ ခုနှစ် မှစတင်ပြီး Love and care program နာမည်နဲ့ ပြည်တွင်းကျောင်းများမှာ လူငယ်နှင့်လူထုအကျိုးပြုလုပ်ငန်းများတွင်ပါဝင်လျှက်ရှိပါတယ်။ ၂၀၁၆ ခုနှစ် မှာ မြန်မာနိုင်ငံမသန်စွမ်းသူများ ကွန်ယက်နှင့်ပူပေါင်းပြီးအပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာကျင်းပပြုလုပ်ပေးခဲ့သလို , ၂၀၂၀ ခုနစ်တွင်လည်း UIT မှ ကျောင်းသားများအတွက် Virtual Employee Volunteer program ကို အွန်လိုင်းမှ ကျင်းပ ကာ UIT ကျောင်းသားများအတွက် Covid အလွန် ပုံမှန်အခြေအနေသစ်မှာ အလုပ်အကိုင်အခွင့်အလမ်းနှင့် အသိပညာ ဗဟုသုတ ကျွမ်းကျင်မှုများ တိုးတက်စေရန်အတွက် အဓိကထား ဆွေးနွေးခဲ့ပါတယ်။ Samsung “ Love and Care “ ကမ်ပိန်းဟာကမ္ဘာတစ်ဝှမ်းရှိ ပြည်သူများ ရဲ့ လူနေမှု ဘဝပိုမိုကောင်းမွန်လာစေရန် ရည်ရွယ် ပြီးအကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။

 ၂၀၂၀ ခုနှစ်တွင် Love and care program မှ Gold SABRE ဆုရရှိ

အာရှပစိဖိတ်ဒေသရှိ လူထုအကျိုးပြု Campaign များဆုချီးမြင့်ပွဲမှာလည်း Samsung ရဲ့ Love and care လူမှုအကျိုးပြုအစီအစဉ်မှ ကမ်ပိန်းရဲ့ လူထုအကျိုးပြုလုပ်ငန်းများ ကဏ္ဍအတွက် Gold SABRE ဆုလည်းရရှိခဲ့ပါတယ်။

5.      Solve for Tomorrow

Samsung ကနေ အခုလက်ရှိ ကမ္ဘာတဝန်းမှာ ဆောင်ရွက်နေတဲ့ လူမှုအကျိုးပြုလုပ်ငန်း နောက်တစ်ခုကတော့ Solve for Tomorrow ပါ။၂၀၁၀ ခုနှစ် အမေရိကန်နိုင်ငံမှ စတင်ကာ Solve for Tomorrow အစီအစဉ်ဖြင့် ကိုရီးယားနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းလုံးရှိနိုင်ငံပေါင်း ၂၂ နိုင်ငံသို့ ချဲ့ထွင်နိုင်ခဲ့ပါတယ်။ ဒီ အစီအစဉ်အောက်မှာပဲ ကမ္ဘာတစ်ဝှမ်းရှိကျောင်းပေါင်း ၂၅၀၀ ထံသို့ အမေရိကန်ဒေါ်လာ ၂၀ မီလီယံနီးပါး ကိုလှူဒါန်းခဲ့ပြီး စာသင်ခန်းထဲသို့ အဆင့်မြင့်နည်းပညာများ တပ်ဆင်ခဲ့ရာမှာ ကူညီနိုင်ခဲ့ပါတယ်။

အခုလက်ရှိနဲ့အနာဂတ်မှာလည်း Samsung အနေနဲ့ ၂၀၂၂ မှာ “Solve for Tomorrow” နာမည်နှင့်ပြည်ပ မှာ လူမှုအကျိုးပြုလုပ်ငန်းနဲ့လူငယ်ရေးရာဖွံ့ဖြိုးတိုးတက်ရေးတို့လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ ဒီ Campaign ကတော့ ပြည်ပ မှာ ၆ တန်း မှ ၁၂ တန်းကျောင်းသားတွေအတွက် သိပ္ပံ , နည်းပညာ , အင်ဂျင်နီယာ နဲ့ သင်္ချာ ဘာသာရပ်များကိုအခြေခံကာ community ကို ဘယ်လိုတိုးတက်ပြောင်းလဲမှုတွေ ယူဆောင်လာမလဲဆိုတာကို ပြိုင်ပွဲဝင်ပြိုင်ရမှာဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ ဝင်ရောက်ယှဉ်ပြိုင်သူအ‌‌ရေအတွက် 1,838,212 ဦးရေ ရှိခဲ့ပါတယ်။

ဒီပြိုင်ပွဲမှ တစ်ဆင့် ထင်ရှားတဲ့ လူထုအကျိုးပြု နည်းပညာကိုဖော်ဆောင်နိုင်ခဲ့ပါတယ်။ အမေရိကန် နိုင်ငံ Texas မြို့ Porter အထက်တန်းကျောင်းရှိကျောင်းသားများဟာ သက်ကြီးရိပ်သာ မှ လူကြီး များ အထီးကျန်စိတ်ခံစားမှု ပပျောက်စေပြီး စိတ်ကျဝေဒနာကုစားနိုင်ရန်အတွက် Gen-Bridge Application ကို‌ထုတ်လုပ်နိုင်ခဲ့ပါတယ်။

Prize Pool and Benefits  

ကျောင်းသားလူငယ်တွေနဲ့ ဆရာများပူးပေါင်းပါဝင်ရမှာဖြစ်ပြီး ကန်ဒေါ်လာ ၁ သိန်းရရှိနိုင်မဲ့အပြင် Samsung မှကျွမ်းကျင်ပညာရှင်များနဲ့အတူလက်တွဲအလုပ်လုပ်ခွင့်ပါရရှိမှာဖြစ်ပါတယ်။ ဆုကြေးတွေကတော့ National winner က ဒေါ်လာ ၁ သိန်း , National Finalist က ဒေါ်လာ ၅ သောင်း , State winner က ဒေါ်လာ ၆၅၀၀ နဲ့ တီထွင်ဆန်းသစ်မှုအတွက်ဆုကတော့ ဒေါ်လာ ၁ သောင်းရရှိနိုင်မဲ့ အခွင့်အရေးလည်းဖြစ်ပါတယ်။

Previous
Previous

Samsung ၏ နောက်ဆုံးပေါ် Galaxy Z Flip3 နှင့် Galaxy Z Fold3 ခေါက်ချိုးစမတ်ဖုန်းများအား မြန်မာနိုင်ငံစျေးကွက်တွင် စတင်ရောင်းချ

Next
Next

Google Pixel Fold လာတော့မှာမဟုတ်