2010 ခုနှစ်စီက မြန်မာ့အင်တာနက်ခေတ်

ဟိုနေ့က ၂၀၁၀ ခုနှစ်တွေစီက အင်တာနက်ခေတ် အကြောင်းတင်တော့ ထည့်ရေးဖို့လိုသွားတဲ့ အကြောင်းအရာတစ်ချို့ရှိတယ်။ ကိုယ်တိုင်ကနယ်မှာ ကြီးပြင်းလာတဲ့ IT ကြောင်းစိတ်ဝင်စားတဲ့ ကလေးဆိုတော့ နယ်ဖက်မှာက နည်းပညာဆိုတာ၊ အင်တာနက်ဆိုတာက တွေ့ရဖို့အင်မတန်ရှားတာကိုး... ဒါတောင် ကိုယ်နေခဲ့တဲ့မြို့က ရုံးတွေအခြေစိုက်မို့လို့ နည်းနည်းပါးပါးခေတ်မှီတယ်ပြောရမယ်။

ပထမတစ်ခု မှတ်မှတ်ရရပြောရရင် ငယ်ငယ်က အင်တာနက်ကြိုက်သလို၊ ဂိမ်းလည်းအသည်းအသန်ဆော့တယ်။ တစ်ကဒ်မှာ ဂိမ်း ၁၈ ခုလောက်ပါတဲ့ 8-bit Character ကဒ်ထိုးဂိမ်းစက်ကို ဘဝမှာ ၂ တန်းလောက်က စပြီးလက်ဆောင်ရပါလေရော၊ ဘုမသိဘမသိ စဆော့တာက Mario, ဆိုင်ကယ်မောင်း, တစ်ခြားဂိမ်းအသေးလေးတွေ, နောက်ပြီး TV Screen ကိုချိန်ပြီး ဘဲကို သေနတ်နဲ့ပစ်ရတာ၊ ဘဲသေသွားရင် ခွေးကယူလာပြီး ပြရင်ပျော်နေရော၊ မုန့်ဖိုးလေး ခြစ်ကုတ်စုပြီး ဂိမ်းခွေအသစ်သွားဝယ်လို့ ဆော့ပြီးသား ဂိမ်းပြန်ပါလာရင် ငိုရတာအမော...:")

အဲလိုနဲ့ PS2 ကိုစပြီးမိတ်ဆက်မိပါလေရော၊ အိမ်မှာပူဆာအတင်းဝယ်ခိုင်း စက်ဝယ်ပေးပေမယ့် ခွေဖိုးမတတ်နိုင်လို့ ဆိုင်မှာဆော့ရတာများတယ်။ နောက်တော့ ခိုးကူးခွေနဲ့ဆော့နည်းသိသွားတယ်။ အဲ့လိုနဲ့ ရမ်ဘိုဂျပု (Metal Slug), Smack Down, ကားသူခိုး(GTA), သံခမောက်၊ ကားတိုက်ပွဲ၊ ပြိုင်စက်ဘီး ပြောရရင် မဆုံးဘူး။ ဂိမ်းဆိုင်က GTA ခိုးနည်းစာရွက်ကို သွားပြီးကူးတာ မရလို့ ခိုးလည်းခိုးခဲ့ဖူးတယ်။ ခိုးတာလည်းမိခဲ့ဖူးတယ်။

နောက်ပြီး ဂိမ်းဆိုင်းအများစုက မှောင်ခိုဆိုင်လိုလို၊ ဘာလိုလိုနဲ့ဖွင့်တာ၊ နောက်ဖေးထဲဝင်သွားရတာမျိုးတို့၊ လိုက်ကာတွေကာထားတာမျိုးတို့၊ နယ်မှာကဂိမ်းဆိုင်ဆိုရင် ကလေးတွေကို ပျက်စီးအောင်လုပ်တဲ့နေရာလို့ ခံယူထားကြလို့ ဘယ်သူမှမကြည်ကြဘူးကိုး။ ကိုယ်တွေထိုင်နေကြဆိုင်မှာက ဆိုင်ပေါ်တင်ဖွင့်တယ်။ ဂိမ်းဆိုင်ကယမ်ယမ်ချဥ်စပ်ကြက်ဥကလည်းကောင်း၊ ဆိုင်ရှင်ဦလေးကြီး သမီး ၂ ယောက်ကလည်း အတော်ချောတာ...

နောက်တော့ အင်တာနက်ဂျာနယ်ဖတ်မိသွားတာ၊ ဘောလုံးသမားတွေ ဘောလုံးဂျာနယ် နောက်ဆုံးစာရွက်ကို ကြိုက်သလို ကျွန်တော်လည်း အင်တာနက်ဂျာနယ်မှာဆို App တွေ၊ Website တွေ Review ပေးတဲ့ စာရွက်ကို အကြိုက်ဆုံးပဲ အမြဲကြည့်ရတာ၊ နောက်တော့ မှ Blog၊ Forum တွေဖတ်ရကောင်းမှန်းသိလို့ ဂျာနယ်ဝယ်မဖတ်ဖြစ်တော့တာ...။ မြန်မာသားလေးနည်းပညာတို့၊ ဘယ်မြို့ကအညတရနည်းပညာသမားလေးတို့၊ မျိုးချစ်စိတ်အပြည့်နဲ့ Blog Site တွေဖတ်ရတာအမောပဲ။ Site တွေကလည်း ငစားရယ်၊ ဝင်ကြည့်လိုက်ရင် မြန်မာနိုင်ငံတော်သီချင်းဖွင့်တာတို့၊ ပဌာန်းတွေဖွင့်တာတို့၊ တစ်ကယ်အစားတွေကြီးပဲ

ဒါကတော့ ကျွန်တော်ကြုံခဲ့ဖူးတဲ့ ငယ်ငယ်က နည်းပညာနဲ့ ဂိမ်းအကြောင်းနဲနဲပါးပါးပေါ့။ နောပတ်တစ်ပတ်မှ Internet Gaming အကြောင်းဆက်မယ်။ မိတ်ဆွေတို့ရော ဘယ်လိုတွေကြုံခဲ့ဖူးလဲဗျ?

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

iPhone မှာဘယ် App တွေက Location Access လုပ်နေလဲကြည့်နည်းနဲ့ Location Access ပိတ်နည်း

Next
Next

Google Favorite Chrome Extension of the Year List